မြန်မာနိုင်ငံ၏နိုင်ငံ့ဝန်ထမ်းများအား ထိရောက်စွာလေ့ကျင့်ပျိုးထောင်ပေးရာတွင် ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလအထိ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တစ်ခုတည်းရှိခဲ့ရာမှ မြန်မာနိုင်ငံအထက်ပိုင်းရှိ နိုင်ငံ့ဝန်ထမ်းများသင်တန်းတက်ရောက်ရာတွင် ငွေကြေးကုန်ကျမှုသက်သာမှုခြင်း၊ ခရီးသွားလာရာ၌ အဆင်ပြေစေခြင်းများရှိစေရန်နှင့် နိုင်ငံ့ဝန်ထမ်းအင်အားများအား လေ့ကျင့်ပေးနိုင်မှုအချိုး တိုးမြှင့်နိုင်ရန် ရည်ရွယ်၍ ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)ကို ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ထပ်မံဖွင့်လှစ်ခဲ့ပါသည်။ တက္ကသိုလ်တွင် စီမံခန့်ခွဲမှုပညာဌာန၊ စီးပွားရေးပညာဌာန၊ နိုင်ငံရေးသိပ္ပံ ပညာဌာန၊ လူမှုရေးသိပ္ပံ ပညာဌာန၊ဥပဒေပညာဌာနနှင့် စစ်ပညာဌာနဟူ၍ ပညာဌာန(၆)ဌာန ပါဝင်ဖွဲ့စည်းပြီး ထိုအချိန်ကာလမှစတင်ကာ ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်း များအား ပုံမှန်သင်တန်းများ၊အထူးမွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး၊ ပထမဉီးဆုံးဖွင့်လှစ်ခဲ့သော အထူးမွမ်းမံသင်တန်းမှာ “အခြေခံပညာဆရာ/ဆရာမများအထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁)” ဖြစ်ပါသည်။

history-photo

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်အရ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ထောက်ခံပေးမှု များနှင့်အညီ လက်ထောက်ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူးရာထူးအဆင့်ရှိသောအလယ်အလတ် အဆင့်အရာထမ်းများအတွက် “အလယ်အလတ်အဆင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၂)” ကို ၉-၂-၂၀၀၉ ရက်နေ့တွင်လည်းကောင်း ၊ညွှန်ကြားရေးမှူးအဆင့်ရှိသော အဆင့်မြင့်အရာထမ်းများအတွက် “အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁)”ကို ၂-၁၀-၂၀၁၇ ရက်နေ့တွင် လည်းကောင်း အသီးသီး စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။

၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံတော်တွင် ယခင်က ကျင့်သုံးခဲ့သည့် Old Public Administration မှ ဒီမိုကရေစီစနစ်နှင့် လျော်ညီသော New Public Management, New Public Government တို့ကို အထောက်အကူပြုသည့် New Public Service delivery လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြည်သူ့ဝန်ထမ်းများအား ပြည်သူ့ဝန်ကိုထမ်းမည့်သူ၊ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့်သူဟူသည့် စိတ်ဓာတ်မျိုးထားရှိနိုင်ရေးနှင့်ပိုမိုကောင်းမွန်သော Service delivery ပေးနိုင်သော ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်စေရေး ထိရောက်စွာ လေ့ကျင့်ပေးနိုင်ရန် အတွက်တက္ကသိုလ်ရှိ စစ်ပညာဌာနအားပယ်ဖျက်၍အင်္ဂလိပ်ဘာသာပညာဌာနနှင့်သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာနသစ်ဟူသည့် ပညာဌာနအသစ်(၂)ခုအား ထပ်မံဖွဲ့စည်းခဲ့သဖြင့် ယခုအခါတွင် ပညာဌာန(၇)ခုဖြင့် ဖွဲ့စည်းထားရှိပါသည်။ ၎င်းတို့မှာ စီမံခန့်ခွဲမှုဌာန၊ စီးပွားရေးပညာဌာန၊ နိုင်ငံရေးသိပ္ပံ ပညာဌာန၊ လူမှုရေးသိပ္ပံပညာဌာန၊ ဥပဒေပညာဌာန၊ အင်္ဂလိပ်ဘာသာပညာဌာနနှင့် သတင်းအချက် အလက် နှင့်ဆက်သွယ်ရေးနည်းပညာဌာန တို့ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လ (၁)ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်တက္ကသိုလ်(အထက်မြန်မာပြည်)ဟု အမည် ပြောင်းလဲခဲ့ပြီး ကာကွယ်ရေးပညာဌာန(၁)ခု တိုးချဲ့ဖွဲ့စည်းပြီး ပညာဌာန(၈)ခုဖြင့် ဘာသာရပ်များကို စာတွေ့/လက်တေ့သင်ကြားပို့ချပေးလျက်ရှိပါသည်။

၂၀၁၇ ခုနှစ်၊ဇန်နဝါရီလ(၂)ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့၀န်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)တွင် “ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy)” ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့၍ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများအတွက် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ဝင်ပေါက် ရာထူးရွေးချယ် ခံရသူများကို လေ့ကျင့်သင်ကြားပေး၍ဘွဲ့လွန်ဒီပလိုမာအပ်နှင်းနိုင်ရန် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာသင်တန်း(PGDCSM)အမှတ်စဉ်(၁)အား ဖွင့်လှစ်ခဲ့ပါသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အမှတ်တံဆိပ်

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အမှတ်တံဆိပ်(logo)အသစ်သည် ၁-၆-၂၀၂၂ ရက်နေ့မှစတင်၍ ပြောင်းလဲသတ်မှတ်အသုံးပြုခဲ့ပါသည်။ အမှတ်တံဆိပ် (logo)ပါ အပြာရောင်သည် တည်ကြည်ခြင်းနှင့် ဖြောင့်မတ်မှန်ကန်ခြင်းတို့ကို ကိုယ်စားပြုပါသည်။ အပြာရောင်ဖဲကြိုးပေါ်တွင် နိုင်ငံ့ဝန်ထမ်းများ ထားရှိရမည့် သစ္စာ၊ သမာဓိ၊ ပညာဟူသည့် ကျင့်ဝတ်စံတန်ဖိုးများကို ဖော်ပြထားပါသည်။ အမှတ်တံဆိပ်၏ အလယ်တွင် ရှေးမြန်မာမင်းများလက်ထက် မင်းမှုထမ်းများအား ခန့်အပ်ရာ၌ ခန့်အပ်သည့် အမိန့် ကြော်ငြာစာအား စာချွန်လွှာဗူးအတွင်း ထည့်၍ ကြာကလပ်ပေါ်တွင် တင်ပြီး တာဝန်ရှိသူမှတစ်ဆင့် မင်းမှုထမ်းများအား ပေးအပ်ခန့်ထားသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အမှတ်တံဆိပ်အား ထည့်သွင်း ထားရှိပါသည်။ အဝါရောင်စပါးနှံခက်ဖြင့် ဝန်းရံထားသည်မှာ အသက်သွေးကြောသဖွယ် အဓိကကျသော စည်းလုံးညီညွတ်ပြီး ဉာဏ်ပညာ၊ အမြော်အမြင်နှင့် ပြည့်စုံသည့် နိုင်ငံ့ဝန်ထမ်းများကို ရည်ညွှန်းထားသည့်အဓိပ္ပါယ်ကို ဖော်ဆောင်ပါသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် အောက်ပါသင်တန်းများကို ဖွင့်လှစ်လျက်ရှိပါ သည်

  • ဝန်ထမ်းအဖွဲ့အစည်းဒုတိယအကြီးမှူးစီမံခန့်ခွဲမှုသင်တန်း
  • အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း
  • အလယ်အလတ်အဆင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်း
  • အရာထမ်းအခြေခံသင်တန်း
  • အရာထမ်းလောင်းအခြေခံ(အထူး)သင်တန်း
  • အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ သင်တန်း
  • အရာထမ်းငယ်အခြေခံသင်တန်း
  • စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့်သင်တန်း
  • စာရေးဝန်ထမ်းအခြေခံသင်တန်း
  • အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း
  • တက္ကသိုလ်/ ကောလိပ်ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်း
  • အခြေခံ ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်း